သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင်မှန်းဆမရနိုင်သော အရေးပေါ်အခြေအနေများတွင်
ကြိုတင်ပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အစီအမံများ
ILBC ကျောင်းများသည် မိမိတို့သက်ဆိုင်ရာနယ်မြေဒေသများအတွင်း သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင်မှန်းဆမရနိုင်သော အရေးပေါ်အခြေအနေများပေါ်ပေါက်လာပါက အောက်ပါ ကြိုတင်ပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အစီအမံများကို မိမိတို့ကျောင်းရှိ ကျောင်းအုပ်ကြီးများ၊ ဒုကျောင်းအုပ်များ၊ ကျောင်းခွဲကျောင်းအုပ်များ၊ ဌာနမှုးများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ ကြိုတင်ပြင်ဆင်ခြင်း စီမံဆောင်ရွက်သွား ကြရမည်။
(၁) ကြိုတင်ကာကွယ်ခြင်း
၁.၁ အစမ်းလေ့ကျင့်ခြင်း
ကျောင်းသား၊ ဆရာနှင့် ဝန်ထမ်းများအားလုံးပါဝင်သော –
၁.၁.၁ အရေးပေါ်မီးဘေးအန္တရာယ် ကြုံတွေ့လာသည့်အခါ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း ကြိုတင်လေ့ကျင့်မှု ဆောင်ရွက်ခြင်း။
၁.၁.၂ အရေးပေါ် ငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာသည့်အခါ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း ကြိုတင်လေ့ကျင့်မှု ဆောင်ရွက်ခြင်း။
၁.၁.၃ အရေးပေါ် ရေးကြီးခြင်းဘေးအန္တရာယ် ကြုံတွေ့လာသည့်အခါ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း ကြိုတင်လေ့ကျင့်မှု ဆောင်ရွက်ခြင်း။
၁.၁.၄ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ခြင်းအတွက် လိုအပ်သော လေ့ကျင့်မှုများဆောင်ရွက် ပေးခြင်း။
၁.၁.၅ သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင်မှန်းဆမရနိုင်သော အရေးပေါ်အခြေအနေများတွင် အန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေး ပညာပေးအစီအစဉ်များ ဟောပြောပို့ချခြင်း။
၁.၂ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ သင်တန်းများပို့ချခြင်း
ကျောင်းသား၊ဆရာနှင့် ဝန်ထမ်းများအား –
၁.၂.၁ မီးဘေးအန္တရာ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပညာရေးသင်တန်းများနှင့် အရေးပေါ် မီးငြိမ်းသတ်ရေးသင်တန်းများ ပို့ချခြင်း။
၁.၂.၂ ရှေးဦးသူနာပြု သင်တန်းများ ပို့ချခြင်းနှင့် အခြေခံဆေးဝါး အသုံးပြုပုံများ သင်တန်းပေးထားခြင်း။
၁.၂.၃ ငလျင်အန္တရာယ် ကြုံတွေ့လာရပါက အန္တရာယ်ကင်းရန် မည်သို့ပြုမူဆောင်ရွက်ရမည်ကို သင်တန်းပို့ချခြင်း။
၁.၂.၃ အရေးပေါ် ရေးဘေးအန္တရာယ်ကျရောက်ပါက အသက်ရှင်နေထိုင်နိုင်ရေး သင်တန်းများ ပို့ချခြင်း။
၁.၃ အရေးပေါ်အခြေအနေတွင် အသုံးပြုမည့် သင်ကြားရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများထားရှိခြင်း၊
၁.၃.၁ ဒေသဆိုင်ရာ အရေးပေါ်အခြေအနေများကြောင့် ကျောင်းများဖွင့်လှစ်ရန် မသင့်တော် သည့် အခြေအနေ (သို့မဟုတ်) ကျောင်းသူကျောင်းသားများ ကျောင်းပရဝုဏ်သို့ လာရောက်ရန် မဖြစ်နိုင်တော့သည့် အခြေအနေများ ကြုံတွေ့လာပါက သင်ကြားမှုများအား အွန်လိုင်းဖြင့် သင်ကြားနိုင်သည့် အခြေအနေရှိပါက အွန်လိုင်းဖြင့်ပြောင်းလဲသင်ကြားနိုင်ရန် စီစဉ်ထား ရှိခြင်း။
၁.၃.၂ အင်တာနက်များမရရှိခြင်း၊ ဖုန်းလိုင်းများ မရရှိနိုင်သည့် အခြေအနေများကြောင်း အွန်လိုင်းဖြင့် သင်ကြားရန် မဖြစ်နိုင်သည့် အခြေအနေများဖြစ်ပေါ်လာပါက ကျောင်းသား ကျောင်းသူများ ၎င်းတို့အိမ်တွင်နေ၍ ကိုယ်တိုင်လေ့လာသင်ယူမှု ပြုလုပ်နိုင်ရေးအတွက် သင်ကြားရေးဆိုင်ရာ အစီအမံများ (Life-long Learning Program)များ ကြိုတင်ဆောင်ရွက် ထားရှိခြင်း။
၁.၃.၃ အရေးပေါ်အခြေအနေများအရ ထိုသို့ပြောင်းလဲ သင်ကြားမည့်အကြောင်းကို မိဘ အုပ်ထိန်းသူများသို့ အချိန်နှင့် တစ်ပြေးညီ အသိပေး အကြောင်းကြားခြင်း။
၁.၄ အရေးပေါ်အခြေအနေများတွင် မိဘများသို့ အသိပေးအကြောင်းကြားခြင်း အစီအမံ များ ထားရှိခြင်း။
၁.၄.၁ အရေးပေါ်အခြေအနေတစ်ရပ်ရပ်ကြုံတွေ့လာရပါက မိဘများသို့ ဆက်သွယ်အကြောင်း ကြားရာတွင် အင်တာနက်လိုင်းများ ရနိုင်ပါက အင်တာနက်မှတစ်ဆင့် E-mail ပို့ အကြောင်းကြားခြင်း၊ အင်တာနက် များသုံးစွဲမရပါက ဖုန်းများဖြင့် ဆက်သွယ်အကြောင်းကြားခြင်း၊ အင်တာနက်များ ဖုန်းလိုင်းများ မရရှိသည့် အခြေအနေ ဖြစ်ပေါ်ပါက ကျောင်းမျက်နှာစာ မြင်သာသည့်နေရာတွင် အသိပေးကြော်ညာစာများ ကပ်ထားပေးခြင်း တို့ဖြင့် ဆက်သွယ်အကြောင်းကြားခြင်း။
၁.၅ ဆေးဝါးအသုံးအဆောင်များ ကြိုတင်စုဆောင်းစီမံထားရှိခြင်း
၁.၅.၁ အရေးပေါ်သုံး ဆေးဝါးများနှင့် လိုအပ်သည့် ဆေးကုသရေးကိရိယာများကို ကျောင်းကျန်းမာရေး အဖွဲ့နှင့် ဆွေးနွေးကာ ကြိုတင်ဝယ်ယူစုဆောင်းထားရှိခြင်း။
၁.၅.၂ အရေးပေါ်ဆေးဝါးများအား သက်တမ်းလွန်မှု ရှိမရှိ ပုံမှန်စစ်ဆေးခြင်းနှင့် သက်တမ်းလွန်မှု ရှိပါက ပြန်လည်ဝယ်ယူဖြည့်တင်းခြင်း။
၁.၅.၃ ကျောင်းသား၊ ဆရာ နှင့် ဝန်ထမ်းများ လွယ်ကူစွာ အသုံးပြုနိုင်ရန် အတွက် ကျောင်းဆေးခန်းနှင့် လက်လှမ်းမီသောနေရာများတွင် သတ်မှတ်ထားရှိပြီး ဆေးအသုံး ပြုပုံနှင့် အညွှန်းများကို မြန်မာဘာသာဖြင့် ပူးတွဲထားရှိ ထားခြင်း။
၁.၅.၄ ကျောင်းကျန်းမာရေးအဖွဲ့မှ အရေးပေါ်အခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် အတွက် ဆေးအဖွဲ့ ဖွဲ့စည်းထားပြီး ကျွမ်းကျင်မှုဆိုင်ရာ တစ်ဦးချင်းတာဝန်များ သတ်မှတ် ပေးထားရန်။
၁.၅.၅ ကျောင်းကျန်းမာရေးအဖွဲ့မှ တစ်ဦးချင်းစီ၏ ဖုန်းနံပတ်များကို စုစည်းဖော်ပြထား ပေးထားရန်။
၁.၆ အရေးပေါ်အခြေအနေတွင် ကျောင်းပရဝုဏ်ကို စောင့်ရှောက်မည့် အဖွဲ့ငယ်များနှင့် လာရောက် ခိုလှုံကြမည့် ဆရာနှင့် ဝန်ထမ်းမိသားစုများအတွက် ရိက္ခာနှင့် စက်သုံးဆီများ ကြိုတင်စုဆောင်း စီမံထားရှိခြင်း။
၁.၆.၁ အရေးပေါ်အခြေအနေတွင် ကျောင်းပရဝုဏ်အတွင်း လာရောက်ခိုလှုံကြမည့်သူများနှင့် ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအဖွဲ့များအတွက် ရိက္ခာစို၊ ရိက္ခာခြောက်များ ၊ သောက်သုံး ရေများ ၊ မီးသွေး၊ မီဖို၊ အိုးခွက်ပန်ကန် စသည်တို့ကို လုံလောက်စွာ စုဆောင်းထားရှိခြင်း။
(လူတစ်ဦး တစ်လစာ ရိက္ခာ တွက်ချက်မှု – ဆန်(၇)ပြည်၊ ဆီ(၁)လီတာ၊ ဆား(၅၀)သား၊ ပဲ(၂)ပြည်၊ ငပိ(၃၀)သား၊ ငါးခြောက်(၅၀)သား၊ ငရုပ်သီးအကျက်မှုန့် (၁၅)ကျပ်သား)
၁.၆.၂ နေ့စဉ်စားသုံးရန် ရိက္ခာနှင့် အရေးပေါ်စွန့်ခွါချိန်တွင် ယူဆောင်မည့် အရေးပေါ်အိတ် အတွက် ရိက္ခာများကို ခွဲခြားစီမံထားရှိရန်။
၁.၆.၃ အရေးပေါ်အိတ်အတွင်းတွင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ၊ ရိက္ခာခြောက်၊ ရေသန့်နှင့် ရေသန့်စင်ဆေး၊ ဆပ်ပြာ၊ တစ်ကိုယ်ရေသုံး ဆေးဝါးများ မဖြစ်မနေပါဝင်ရန်။
၁.၆.၄ ကျောင်းဝန်း မြေလွတ်များတွင် စိုက်ပျိုးနိုင်သော သီးပင်စားပင်မျိုးစေ့များ ဝယ်ယူစုဆောင်း ထားရှိရန်။ (ဥပမာ – ချဉ်ပေါင်၊ ကန်စွန်း၊ ခရမ်း၊ ရုံးပတီ စသည်)
၁.၆.၅ ဝယ်ယူစုဆောင်းထားသော ရိက္ခာများကို စနစ်တကျ ဝယ်ယူထိန်းသိမ်းထားရှိပြီး (၁)လလျှင် တစ်ခါ (သို့မဟုတ်) လိုအပ်သလို စစ်ဆေး၍ ရက်လွန်၍သုံးစွဲရန် မသင့်သော ပစ္စည်းများကို ဖယ်ရှားခြင်း၊ ပြန်လည်ဖြည့်တင်းခြင်းများ စီစဉ်ဆောင်ရွက်ရန်။
၁.၆.၆ မိမိတို့အသုံးပြုသည့် မော်တော်ယာဉ်များ၊ ဂျင်နရေတာများ၏ အသုံးပြုမှုအခြေအနေ တွက်ချက်၍ စက်သုံးဆီ (ဒီဇယ်) များကို လိုအပ်သည့် ပမာဏတွက်ချက်၍ လုံလောက်စွာ ဝယ်ယူစုဆောင်း ထားရန်။
၁.၆.၇ စက်သုံးဆီ (ဒီဇယ်)များကို လုံခြုံသည့်နေရာတွင် သိုလှောင်ထားရှိပြီး ထိုနေရာတွင် မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး အစီအမံများထားရှိရန်။
၁.၆.၈ အရေးပေါ်အခြေအနေကာလအတွင်း သုံးစွဲမည့် မော်တော်ယာဉ်နှင့် မသုံးစွဲမည့် မော်တော်ယာဉ်များ ရွေးချယ်သတ်မှတ်ထားရှိပြီး သုံးစွဲမည့်မော်တော်ယာဉ်တွင်သာ စက်သုံးဆီ ပမာဏ လုံလောက်စွာဖြည့်တင်းထားရန်။
၁.၆.၉ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်မှန်းဆ၍ လျှပ်စစ်မီးသုံးစွဲခြင်းကို သတိပြုသုံးစွဲရန်နှင့် မဖြစ်မနေသုံးစွဲရမည့် အခြေအနေများအတွက်သာ သုံးစွဲရန်နှင့် ဂျင်နရေတာမောင်းနှင်ချိန် နှင့် လျှပ်စစ်မီး သုံးစွဲမည့်အချိန်ကို သတ်မှတ်ထားရန်။
၁.၇ အရေးပေါ်ဆက်သွယ်ရေးနည်းလမ်းများ၊ အစီအမံများ ဆောင်ရွက်ထားရှိခြင်း
၁.၇.၁ ဒေသဆိုင်ရာ ထူးခြားအခြေအနေများကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့နိုင်ရန်အတွက် အရေးပေါ်ဆက်သွယ်ရေးစနစ်များ ကြိုတင်တည် ဆောက် ထားခြင်း။
၁.၇.၂ ဖုန်းဆင်းကဒ်များနှင့် ငွေဖြည့်ကဒ်များကို ကြိုတင်ဝယ်ယူထားခြင်း (MPT, Telenor, Etc)
၁.၇.၃ လုံခြုံရေးအဖွဲ့တာဝန်ရှိသူများနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့တို့အကြား Viber, Messenger, Signal, Line စသည့် အင်တာနက် ဆက်သွယ်ရေးကွန်ယက်တွင် Group များ ကြိုတင်တည်ဆောက်ထားခြင်း။
၁.၇.၄ အရေးပေါ်ကာလ အတွက် ဖွဲ့စည်းထားသည့် လုံခြုံရေးအဖွဲ့ အချင်းချင်းကြား ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပတ်များကို စုစည်း မှတ်တမ်းတင်ထားရန် နှင့် အခြေအနေပေးပါက Sim Card သုံး walking talking စက်များ၊ whistle များ ဖြင့် ဆက်သွယ် နိုင်ရေး စီစဉ်ထားရှိခြင်း။
၁.၇.၅ မိမိတို့ လုံခြုံရေးအဖွဲ့ဝင်အချင်းချင်း နားလည်နိုင်မည့် စကားဝှက်များ၊ အချက်ပေးစနစ် များကို ညှိနှိုင်းသတ်မှတ်ထားရှိခြင်း။
၁.၇.၆ အရေးပေါ်အခြေအနေအတွက် မော်တော်ယာဉ်သုံးစွဲရန်လိုအပ်ပါက သုံးစွဲနိုင်ပြီး သုံးစွဲမည့် မော်တော်ယာဉ်ကို ကြိုတင်သတ်မှတ်ထားပြီး အရေးတကြီးလိုအပ်ပါက တာဝန်ရှိသူများနှင့် ညှိနှိုင်းအသုံးပြုနိုင်ရန် စီမံထားရှိခြင်း။
၁.၈ အရေးပေါ်အခြေအနေများကို တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးအပေါ်အခြေအနေ ကာကွယ်ရေးဆိုင်ရာ အဖွဲ့ များ ကြိုတင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း။
၁.၈.၁ အရေးပေါ်အခြေအနေများကို လျှင်မြန်စွာ တုန်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဆရာများနှင့် ဝန်ထမ်းများ ပါဝင်သော စီမံခန့်ခွဲရေးအဖွဲ့၊ ငွေကြေးစီမံမှုအဖွဲ့၊ ကူညီကယ်ဆယ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ဆက်သွယ်ရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ အစားအစာနှင့် ဆေးဝါး ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ငယ်များ ကြိုတင်ဖွဲ့စည်းဆောင်ရွက်ခြင်း။
၁.၈.၂ အထက်ဖော်ပြပါ အဖွဲ့ငယ်များ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာအဖွဲ့အလိုက် ကြိုတင်သတ်မှတ်ပေးခြင်း။
၁.၉ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအစီအမံများ ကြိုတင်ပြုလုပ်ထားရှိခြင်း။
၁.၉.၁ ကျောင်းပရဝုဏ်အတွင်းသို့ ပြင်ပမှ အလွယ်တကူ ကျူးကျော်ဝင်ရောက်မှု မပြုလုပ်နိုင် စေရေးအတွက် မိမိတို့ သက်ဆိုင်ရာကျောင်းအလိုက် လိုအပ်သော စောင့်ရှောက်ရေး အစီအမံ အတားအဆီးများ ကြိုတင်စီမံထားရန်။
၁.၉.၂ အရေးပေါ်အခြေအနေတွင် ကျောင်းပရဝုဏ်နှင့် ကျောင်းတွင်းပစ္စည်းများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်အတွက် ၎င်းတို့သဘောဆန္ဒအလျှောက် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုလာသော ဒေသခံ ဝန်ထမ်းများအား ကြိုတင်စီစစ်ရွေးချယ်ပြီး အရေးပေါ်ကာလ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းထားရှိရန်။
၁.၉.၃ အရေးပေါ်ကာလ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအဖွဲ့ထဲမှ တာဝန်ခံနှစ်ဦး ရွေးချယ်ထားပြီး ထိုတာဝန်ခံမှ ကြိုတင် သတ်မှတ်ထားသော ကျောင်းပရဝုဏ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများအတိုင်း ကြပ်မတ်ဆောင်ရွက်ရန်။
၁.၉.၄ အရေးပေါ်ကာလ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအဖွဲ့တာဝန်ခံများမှ စောင့်ရှောက်ရေး အဖွဲ့ဝင် အသီးသီးအား ကျောင်းပရဝုဏ်အတွင်းရှိ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးတာဝန် ယူရမည့် နေရာများနှင့် တာဝန်ချိန်များကို ကြိုတင် သတ်မှတ်ပေးခြင်း၊ အန္တရာယ်ရှိသော အခြေအနေ ပေါ်ပေါက်ပါက စောင့်ရှောက်ရေး အဖွဲ့ဝင်များ ခိုလှုံရန် လုံခြုံဘေးကင်းသော နေရာများ သတ်မှတ်ထားပေးခြင်း၊ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအဖွဲ့များ အချင်းချင်း ဆက်သွယ်မှုဆိုင်ရာ စနစ်များ သတ်မှတ်ပေးထားရန်။
၁.၉.၅ အရေးပေါ်ကာလ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအဖွဲ့ဝင်များအား ကျောင်းအတွင်းရှိ လျှပ်စစ်မီးအသုံးပြုခြင်း၊ ဆိုလာစနစ် အသုံးပြုခြင်း (ရှိပါက)၊ ဂျင်နရေတာနှင့် ရေမော်တာများ မောင်းနှင်ခြင်းများကို အသုံးပြုမောင်းနှင်တတ်စေရန် သင်ပြပေးထားရန်။
၁.၉.၆ အရေးပေါ်ကာလ ကျောင်းပရဝုဏ် စောင့်ရှောက်ရေးအဖွဲ့များအတွက် ရိက္ခာများ ပြည့်စုံ လုံလောက်မျှတစေရန် စီမံခန့်ခွဲပေးခြင်း၊ အရေးပေါ် စွန့်ခွါရမည့် အခြေအနေတွင် ယူဆောင်ရန် အရေးပေါ်လွယ်အိတ်များ ပြင်ဆင်ထားရှိခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များအတွက် သက်ဆိုင်ရာ နယ်မြေတွင် ဝယ်ယူရရှိနိုင်မည့် ဖိုင်ဘာ ခေါင်းဆောင်း၊ တုတ်၊ ဓာတ်မီး၊ တောစီးဖိနပ်၊ ဆက်သွယ်ရေးစက် စသည့် လုံခြုံရေး ဆိုင်ရာ အသုံးပြုမည့် ပစ္စည်းများအား ပြည့်စုံစွာ စီမံထားရှိပေးခြင်းများ ဆောင်ရွက်ထားရှိရန်။
၁.၉.၇ မီးသတ်ဆေးဘူးများနှင့် မီးငြိမ်းသတ်ရေးစနစ်များ ကောင်းမွန်စွာအသုံးပြု၍ရမရ သေချာစွာ အမြဲမပြတ်စစ်ဆေးရန်။
(၂) အရေးယူဆောင်ရွက်ခြင်း
၂.၁ ကြိုတင်လေ့ကျင့်ထားသည့်အတိုင်း တုန့်ပြန်ဆောင်ရွက်ခြင်း။
၂.၁.၁ အရေးပေါ်အခြေအနေများကို တုန့်ပြန်ရာတွင် ကျောင်းသား၊ ဆရာနှင့် ဝန်ထမ်းများမှ ကြိုတင်လေ့ကျင့်ထားသည့်အတိုင်း တုန့်ပြန်ဆောင်ရွက်သွားမည်။
၂.၁.၂ အရေးအပေါ်အခြေအနေကာလအတွင်း ကျောင်းပရဝုဏ်နှင့် ဆရာ၊ ဝန်ထမ်းများကို စောင့်ရှောက်ခြင်းများအတွက် ကြိုတင်ဖွဲ့စည်းထားသော အဖွဲ့ငယ်များဖြင့် ဆောင်ရွက် သွားမည်။
၂.၂ ဆောင်ရွက်ခဲ့မှုများအပေါ် အချိန်နှင့် တစ်ပြေးညီ ပြန်လည်သုံးသပ်ခြင်း။
၂.၂.၁ အရေးပေါ်အခြေအနေများအပေါ် ကြိုတင်ဖွဲ့စည်းထားသော အဖွဲ့ငယ်များဖြင့် တုန့်ပြန်ရာ တွင် အကျိုးသက်ရောက်မှု ရှိမရှိနှင့် ထိရောက်မှုများအပေါ် အချိန်နှင့်တစ်ပြေးညီ စုပေါင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်။
၂.၂.၂ ဆွေးနွေးမှုများအရ အခြေအနေအရပ်ရပ်နှင့် မကိုက်ညီသည့် သတ်မှတ်ချက်များအပေါ် ပြန်လည်သုံးသပ် ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်သတ်မှတ်ရန်။
၂.၃ ဆရာနှင့် ဝန်ထမ်းများ နေရပ်ပြန်နိုင်ရေးအစီအမံများဆောင်ရွက်ပေးခြင်း။
အရေးပေါ်အခြေအနေများ ကြုံတွေ့လာရသည့်အခြေအနေတွင် –
၂.၃.၁ မိမိတို့ကျောင်းရှိ အခြား ဒေသများမှ လာရောက်တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမ၊ ဝန်ထမ်းများကို သက်ဆိုင်ရာ ၎င်းတို့နေထိုင်ရာ အရပ်ဒေသအသီးသီးသို့ အန္တရာယ်ကင်းစွာ အချိန်မီ ထွက်ခွါနိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်။
၂.၃.၂ နိုင်ငံခြားသား ဆရာများရှိပါက အန္တရာယ်ကင်းသော အရပ်ဒေသသို့ အချိန်မီ ထွက်ခွါနိုင်ရေး အတွက် လေယာဉ်ခရီးစဉ်ဖြင့် ဦးစားပေးစီစဉ်ပေးရန်။
၂.၃.၃ ဒေသခံ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ၎င်းတို့နေထိုင်ရာ အိမ်များ၊ မိသားစုများ ဆီသို့ အန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန်။
၂.၄ တန်ဖိုးကြီးပစ္စည်းများ ထိန်းသိမ်းရေးအစီအမံများဆောင်ရွက်ခြင်း။
၂.၄.၁ အရေးကြီး စာရွက်စာတမ်းများ၊ စာချုပ်များကို မီးခံသေတ္တာများတွင် ထည့်သွင်း သိမ်းဆည်းထားရန်နှင့် စွန့်ခွါရမည့်အခြေအနေပေါ်ပေါက်လာပါက သတ်မှတ်သော လုံခြုံသည့်နေရာတွင် ထည့်သွင်းမြှုပ်နှံသိမ်းဆည်းနိုင်ရေး ဆောင်ရွက်ထားရန်။
၂.၄.၂ ကွန်ပျူတာများ၊ တီဗီများ၊ ဗီဒီယိုကင်မရာများ နှင့် အခြားသော တန်ဖိုးကြီး ပစ္စည်းများကို စာရင်းပြုစုပြီး လုံခြုံစိတ်ချရသော နေရာတွင် သိမ်းဆည်းထားရှိရန်နှင့် နေရာအခြေအနေ ပေးပါက ခွဲခြားသိမ်း ဆည်းထားရန်။
၂.၄.၃ မော်တော်ယာဉ်များကို အသုံးပြုမည့်ယာဉ်မှလွဲ၍ အခြားသောယာဉ်များကို လုံခြုံ စိတ်ချရသည့် နေရာတွင် ဆိုင်ကယ်များ၊ စက်ဘီးများနှင့်အတူ စနစ်တကျ သိမ်းဆည်း ထားရန်။
၂.၅ အရေးပေါ်စွန့်ခွာရေးအစီအမံများ ဆောင်ရွက်ခြင်း။
အရေးပေါ်အခြေအနေတွင် ကျောင်းပရဝုဏ်ကို စောင့်ရှောက်မည့် အဖွဲ့ငယ်များနှင့် လာရောက် ခိုလှုံကြမည့် ဆရာနှင့် ဝန်ထမ်းမိသားစုများသည် –
၁.၅.၁ မိမိတာဝန်ယူရာ ကျောင်းပရဝုဏ်အတွင်း ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေပေါ်ပေါက်လာပါက ကျောင်းပရဝုဏ်မှ စွန့်ခွာရန်။
၁.၅.၂ ကျောင်းပရဝုဏ်မှ မစွန့်ခွာမီ သိမ်းဆည်းရန်ရှိသော အရေးကြီးစာရွက်စာတမ်းများ ထည့်သွင်း ထားသည့် မီးခံသေတ္တာကို ကြိုတင်ညှိနှိုင်းသတ်မှတ်ထားသောနေရာတွင် သေချာသိမ်းဆည်း ထားခဲ့ရန်။
၁.၅.၃ ကျောင်းပရဝုဏ်မှ မစွန့်ခွါမီ လျှပ်စစ်မီးများပိတ်ခြင်း၊ ကျောင်းအခန်းတံခါးများ သေချာစွာ သော့ခတ်ခြင်း စသည့် လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများ ဆောင်ရွက် ထားခဲ့ရန်။
၁.၅.၄ အရေးပေါ်စွန့်ခွာရာတွင် ယူဆောင်ရမည့် အရေးပေါ်အိတ်များကို စနစ်တကျ ခွဲဝေယူဆောင်ပြီး စွန့်ခွာပြီးနောက် လူကွဲသွားပါက ပြန်လည်ဆုံမည့် ဆုံရပ်နှင့် အချိန်ကို သတ်မှတ်အတည်ပြု ထားရန်။
၁.၅.၅ နောက်ဆုံး ကျောင်းပရဝုဏ်မှ စွန့်ခွာသည့်အချိန်နှင့် နောက်ပိုင်းတွင် သတ်မှတ် ထားသော ဆက်သွယ်ရေးလမ်းကြောင်းများဆက်သွယ်၍ရရှိနေသေးသည့် အခြေအနေ ရှိပါက ပုံမှန် ဆက်သွယ်သတင်းပို့ရန်။
(၃) ပြန်လည်ထူထောင်ခြင်း
၃.၁ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆောင်ရွက်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးတာဝန်များအတွက် အရေးအပေါ်အခြေအနေအတွက် ကြိုတင်ဖွဲ့စည်းထားသည့် အဖွဲ့ငယ်များ မိမိတို့သက်ဆိုင်ရာ တာဝန်အလိုက် –
၃.၁.၁ အရေးပေါ် အန္တရာယ် ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသော အရေးပေါ် ကုသမှုလိုအပ်သည့် ဆရာနှင့် ဝန်ထမ်းများအား တတ်နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း။
၃.၁.၃ သဘာဝဘေးအန္တရာယ်ကျရောက်သည့် အခြေအနေအရ ဆက်သွယ်သွားလာရန် ခက်ခဲသည့် အရပ်ဒေသဖြစ်ပါက ကျောင်းဆေးအဖွဲ့မှ Tele Consultation ဖြင့် ကုသမှုပေးခြင်း။
၃.၁.၄ အရေးပေါ်အခြေအနေအချိန်တွင် ဆေးရုံတက်ရောက်ကုသရန်လိုသော လူနာရှိပါက ကျောင်းကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်ထားသော ပြင်ပကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (H&W) ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း။
၃.၁.၅ အပျက်အစီများကြားတွင် ပိတ်မိခြင်း၊ အရေးပေါ် ကယ်ဆယ်ခေါ်ယူရန် လိုအပ်သည့် အခြေအနေရှိသည့် ဆရာများနှင့် ဝန်ထမ်းများကို ကယ်ဆယ်ခေါ်ယူကယ်ထုတ်ခြင်း ဆောင်ရွက်ရန်လိုအပ်ပါက ဖွဲ့စည်းထားသည့်အဖွဲ့ငယ်များဖြင့် တတ်နိုင်သမျှ ကယ်ဆယ်ရေး ဆောင်ရွက်ရန်။
၃.၁.၆ သဘာဝဘေးအန္တရာယ်များကြောင့် အိမ်ယာများပျက်စီးကာ နေထိုင်ရေးနှင့် စားသောက်ရေး အခက်အခဲဖြစ် ပေါ်နေသော ဆရာနှင့် ဝန်ထမ်းအားများ ကျောင်းပရဝုဏ်အတွင်း၌ ယာယီခိုလှုံရာ နေရာများ ဖန်တီးပေးခြင်း၊ နေရာချထားခြင်းနှင့် အခြေခံ အစားအသောက်များ၊ သောက်သုံးရေ၊ ဆေး၀ါးများ၊ စီမံပေးခြင်းတို့ကို တတ်နိုင်သရွေ့ စနစ်တကျ ဆောင်ရွက်ရန်။
၃.၂ ကျောင်းပရဝုဏ် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခြင်း
၃.၂.၁ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးသွားသော ကျောင်းအဆောက်အဦများ ပျက်စီးမှု အတိုင်းအတာကို မှတ်တမ်းတင်ပြုစုခြင်း၊ ပြုစုထားသည့် မှတ်တမ်းများကို အချိန်နှင့်တစ်ပြေးညီ တတ်နိုင်သမျှ သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေး အဖွဲ့သို့ ပေးပို့ခြင်း။
၃.၂.၂ ကျောင်းအဆောက်အဦများ ပျက်စီးထိခိုက်မှုများကို တတ်ကျွမ်းနားလည်သော အင်ဂျင်နီယာပညာရှင်များနှင့် ပူးပေါင်းကာ ပြုပြင် ထိန်းသိမ်းခြင်း၊ ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများအား အမြန်ဆုံး ဆောင်ရွက်ခြင်း။
၃.၂.၃ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ခြင်း။
၃.၂.၄ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်အလိုက် မှတ်တမ်း မှတ်ရာများကို ထိန်းသိမ်းထားရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့မှုများ ဆောင်ရွက်ခြင်း။
၃.၃ ကျောင်းလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း
၃.၃.၁ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံရှုံးသွားသော ကျောင်းပရဝုဏ်နှင့် အဆောက် အဦးများအား ပြန်လည်ပြင်ဆင်တည်ဆောက်ပြီးစီးသည်နှင့် တစ်ပြိုင်တည်း ကျောင်း လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူ များနဲ့ ညှိနှိုင်ပူးပေါင်းဆောင်ရွက်သွားရန်။
၃.၃.၂ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းများအလိုက် ဝန်ထမ်းနှင့် ဆရာများ ပြန်လည်တာဝန်ထမ်းဆောင်နိုင်မှုအခြေအနေကို နယ်မြေခံ ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ပြုစုပြီး ဗဟိုကျောင်းအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး (online/onsite) ညှိနှိုင်း ဆောင်ရွက်ရန်။
၃.၃.၂ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိပြီးပါက ကျောင်းပြန်လည် ဖွင့်လှစ်မည့်ရက်ကို သတ်မှတ်၍ မိဘများသို့ အကြောင်းကြားရန်။