• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

School Announcement

ILBC
School Announcement (20/03/2020)

WHO မှ ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာထားပြီး နိုင်ငံအများအပြား ရင်ဆိုင် နေရသော COVID-19 ရောဂါပြန့်ပွားမှု ကာကွယ်တားဆီးနိုင်စေရေးအတွက် နိုင်ငံတစ်၀ှမ်းရှိ ကျောင်းများကို ပိတ်ထားရန် တာ၀န်ရှိသူများ၏ ညွှန်ကြားချက် နှင့်အညီ ILBC ၏ နွေရာသီသင်တန်းများကို ခေတ္တပိတ်ထားပါသည်။
ထို့ကြောင့် ILBC သည် ၂၀၂၀ ခုနှစ် နွေရာသီသင်တန်းများအတွက် ပေးသွင်း ထားသော သင်တန်းကြေးများ ပြန်လည် ထုတ်ယူလိုသည့် မိဘများကို ဧပြီလ (၁)ရက်မှစ၍ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ပါသည်။
ယခုနွေရာသီသင်တန်းကြေးများကို ပြန်လည် ထုတ်ယူခြင်းမပြုဘဲ လာမည့် စာသင်နှစ်တွင် ဖွင့်လှစ်မည့် ILBC သင်တန်းအသီးသီးသို့ လွှဲပြောင်း အပ်နှံခြင်းများ သို့မဟုတ် ပုံမှန်အတန်းများ၊ စနေ-တနင်္ဂနွေတန်းများရှိ ညီအစ်ကို မောင်နှမများ သို့မဟုတ် အခြားသူများအတွက် လွှဲပြောင်း အပ်နှံခြင်းများ ပြုလုပ်လိုသည့် မိဘများအတွက်လည်း အဆင်ပြေစေရန် ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။
သင်တန်းကြေးလာရောက် ထုတ်ယူကြမည့် မိဘ သို့မဟုတ် ကျောင်းအပ်နှံသူ တို့အနေဖြင့် ကျောင်းသားများကို ခေါ်ဆောင်လာခြင်း မပြုကြရန်နှင့် သင်တန်း စာအုပ်များထုတ်ယူထားပါက စာအုပ်များကို ငွေရပြေစာနှင့်တကွ တစ်ပါတည်း ယူဆောင်လာ၍ ပြန်လည်အပ်နှံကြပါရန် လေးစားစွာအသိပေးပါသည်။ ငွေရပြေစာ လက်ဝယ်ရှိသူကိုသာ သင်တန်းကြေးပြန်လည် ထုတ်ပေးသွားမည် ဖြစ်ပြီး သင်တန်းကြေး ပြန်လည်ထုတ်ပေးရာတွင် လူစုလူ‌ဝေး မဖြစ်စေရန် အတွက် သင်တန်းများအလိုက် နေ့ရက်နှင့် အချိန်များ သတ်မှတ်ထားမည် ဖြစ်ပါ၍ မိမိတို့အတွက် သတ်မှတ်သည့် နေ့ရက်နှင့် အချိန်အတွင်းသာ လာရောက် ထုတ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သင်တန်းကြေး ပြန်လည်ထုတ်ယူနိုင်သည့် အချိန်ဇယားကို ထပ်မံအသိပေးပါမည်။ သတ်မှတ်ချိန်အတွင်း လာရောက် ထုတ်ယူရန် အဆင်မပြေသူများ၊ အခြားသော အခက်အခဲ ရှိသူများအတွက် သက်ဆိုင်ရာ ကျောင်းအသီးသီးသို့ ဆက်သွယ် ညှိနှိုင်း ထုတ်ယူနိုင်ပါသည်။
သင်တန်းကြေး ပြန်အမ်းငွေ လာရောက်ထုတ်ယူသော မိဘများအတွက် ရောဂါပိုးကူးစက်မှု တားဆီးကာကွယ်ရေး အစီအမံများလည်း အပြည့်အစုံ ပြင်ဆင်ထားပေးမည် ဖြစ်ပါသည်။
ကျောင်းသား ကျောင်းသူများ၏ စဉ်ဆက်မပြတ် သင်ယူနိုင်ရေးသည် အလွန် အရေးကြီးပါသည်။ အသက်အရွယ်အလိုက် တတ်သိနားလည်ရမည့် ပညာများကို အချိန်နှင့်တစ်ပြေးညီ လေ့ကျင့်နေရန်လိုပါသည်။ ထို့ကြောင့် ‌ကျောင်းသား ကျောင်းသူများ ကျောင်းသို့မလာရောက်နိုင်သည့် အရေးပေါ် အခြေအနေများတွင် မိမိ၏အိမ်တွင်နေပြီး ပညာဆက်လက် သင်ကြားနိုင်ရေး အတွက် Online သင်ကြား နိုင်သည့် ခေတ်မီသင်ကြားရေး စနစ်များကို ILBC က တည်ထောင် ထားရှိပြီး ဖြစ်ပါသည်။
ယခုနွေရာသီသင်တန်းကြေးများကို ပြန်လည်ထုတ်ယူခြင်းမပြုဘဲ ILBC က ဖွင့်လှစ်သော အခြားသင်တန်းများသို့ လွှဲပြောင်းအပ်နှံမည့် ကျောင်းသားများ အတွက် ILBC က ဖွင့်လှစ်မည်ဖြစ်သော Online သင်ကြားမှု စနစ်တွင် Online မှ တစ်ဆင့် လွယ်ကူစွာ မှတ်ပုံတင် ရုံမျှဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ ခေတ္တကျောင်းပိတ်ရက်အတွင်း Online သင်တန်းများကို အခမဲ့ သင်ယူနိုင်မည်ဖြစ်ပြီး သင်တန်းစာအုပ် မထုတ်ယူရသေးသော သူများသည် သင်တန်းစာအုပ်များကို အခမဲ့ရရှိမည်ဖြစ်ပါသည်။ Online အခမဲ့ သင်တန်းတွင် သင်ယူခဲ့သည့်နာရီများကို သင်ယူပြီးမြောက်ပြီးသော နာရီများအဖြစ် အသိအမှတ်ပြု ပေးမည်ဖြစ်ပြီး ကျောင်းများပြန်ဖွင့်သည့်အချိန်၌ ပုံမှန် သင်ကြားမှုများတွင် ကျန်ရှိသော သင်ယူမှုနာရီများကို ဆက်လက် သင်ယူပြီးမြောက်နိုင်ပါသည်။
မိဘများ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

ILBC
ကျောင်းအုပ်ချုပ်ရေးအဖွဲ့

အောက်ပါ Link တွင် Online သင်တန်းအတွက် Register လုပ်နိုင်ပါသည်။

https://bit.ly/ILBCSummerOnline